Sunday, November 29, 2015

"အ​မှောင်​ကမ္ဘာမှ အလင်းမဲ့..လူသား"

"အမှောင်ကမ္ဘာမှ အလင်းမဲ့လူသား"
တစ်ခါတလေ
တစ်ရက်လောက်ဖြစ်ဖြစ်
နားလိုက်ချင်ပေမဲ့
ဦးကင်းထက်မှ ချွန်းစေရာက
ငါ့အား နားခွင့်မကြုံစေပြီ………
မိုး ဘယ်လောက်ရွာရွာ
နေ ဘယ်လိုပူပူ
သခင့် အမိန့်သံအောက်
ငါ   အသားကျနေတတ်ပြီ………
ဒီတောတန်းလေးမှာ
ငါငယ်ငယ်က ပုံရိပ်တွေ
လွမ်းလို့ဖြင့် မကုန်နိုင်ဘူးလေ………
အရင်ကဆို ဒီလိုတောမှာ
ကျွန်း|အင်|ကညင်|သစ်ရာ|ပိတောက်
တမလန်း|ဂျို့ပင်|ပျဉ်းကတိုးရယ်နဲ့
အင်ကြင်းငယ်|ဝါးရုံ အတော်ပင်စုံလှပေါ့
တသွင်သွင်စီးနေတဲ့
အေးမြတဲ့ စမ်းချောင်းထဲ
ဆော့ကစားခဲ့ နေ့ရက်ဆို
ငါ ဘယ်လိုမှ မေ့မရဘူး………
ငါ့တစ်ဝမ်း တစ်ခါးလည်း
ဘယ်လိုပင်ရှာစားအုံးတော့
သဘာဝလက်ဆောင်တွေဖြင့်
ပေါ မှ ပေါ………
ဒါပေမဲ့………
သခင်တို့ရဲ့ အတောမသတ်နိုင်တဲ့
လောဘတွေရယ်က
ငါတို့ဘဝတွေကို မောလှစေပြီ………
လမ်းတွေဖောက် လယ်တွေချဲ့
တောမီးတွေရှို့နဲ့
အလှတွေ ပျက်သုဉ်းကုန်တာ
ကြာလှပေါ့………
စမ်းချောင်းလဲပျောက် ရေလဲနောက်
တောလဲကတုံး တောင်လဲပြုန်းလို့
ငါတို့ ဘဝတွေ
ခါးသက်သက်နဲ့ အလွမ်းသင့်ကြလေပြီ
တစ်ဖက်ကသခင်တို့ရဲ့မြို့ကြီးတွေ
ခမ်းနားလာပေမဲ့
အခြားတစ်ဖက်မှာတော့
ငါတို့ဗိမာန်တွေ လဲပြိုကုန်တာပေါ့……
သစ်ဆွဲရလို့ ငါ့ကျောပြင်
နာကျင်ပေမဲ့
(တောမရှိလို့)
နေလောင်တဲ့ ဒဏ်ကိုတော့
ငါ မကြင်နာနိုင်ဘူး သခင်………
မေးခွန်းထုတ်ကြည့်မယ်
သခင်တို့ဟာ
ယဉ်ကျေးတဲ့ လူမျိုး
ကျေးဇူးသိတတ်တဲ့ လူမျိုးဆို
သံသယ ဖြစ်မိရဲ့………
နေစရာ စားစရာ ရှားလာလို့လဲ
ငါ့generation အတွက်
ငါ စိုးရိမ်မိပါပေါ့………
တစ်ခုတော့ ပြောချင်တယ်
ငါသေရင် ငါ့လုပ်အားခနဲ့လဲပြီး
ငါချစ်တဲ့ ဒီတော ဒီတောင်ကို
ကယ်တင်ပေးခဲ့ဖို့ပဲ
တောင်းဆိုပါရစေ သခင်……………
်@@@@@@@@

No comments:

Post a Comment